လုပ်ငန်းခွင်မှာ ကိုယ်လက်လှုပ်ရှားမှု ရှိစေဖို့
၂၁ ရာစု လုပ်ငန်းခွင်ထဲမှာ လုပ်ကိုင်နေကြတဲ့ လူကြီး၊ လူငယ်မရွေးမှာ ဖြစ်နေတဲ့ ပြဿနာတစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှု လုံးဝမရှိကြတာပါပဲ။ အဲကွန်းခန်းလေးထဲမှာ စားပွဲ၊ ကုလားထိုင်လေးနဲ့ ကျကျနန ထိုင်ရင်း လက်ပ်တော့၊ ကွန်ပျူတာရှေ့မှာ အာရုံစိုက်ထားလိုက်တာ မနက် ရုံးတက်ချိန် (၉) နာရီကနေ ရုံးပြန်တဲ့ (၅) နာရီလောက်ထိ တောက်လျှောက်ပါပဲ။ အိမ်ပြန်ရောက်တော့မှပဲ နည်းနည်းပါးပါး အိမ်အလုပ်ဝိုင်းကူရင်း ကိုယ်လက်လှုပ်ရှားဖြစ်သေးပေမယ့် တစ်နေ့တာရဲ့ အချိန်သုံးပုံတစ်ပုံလောက်က မလှုပ်မယှက် ကျောက်ရုပ်ကြီးလို အလုပ်လုပ်နေရတာဆိုတော့ ကြာရင် ကျန်းမာရေးထိခိုက်မှာ အသေအချာပါပဲ။
ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ အသိသာဆုံး တွေ့ရနိုင်တဲ့ ပြဿနာတွေကတော့
· ကြွက်သားထုနည်းပြီး အဆီတွေက အစားထိုးဝင်လာခြင်း
· သွေးစီးဆင်းနှုန်း နှေးကွေးပြီး ဦးနှောက်ထဲ အောက်စီဂျင်ရောက်ရှိမှု နည်းသွားခြင်း
· ထိုင်းမှိုင်းလေးလံလာပြီး လန်းဆန်းတက်ကြွမှု မရှိတော့ခြင်း
· ခဏလေး အလုပ်လုပ်ပြီး အားမရှိသလို နုန်းခွေနေခြင်း
· မကြာခဏ အိပ်ချင်စိတ်ဖြစ်လာခြင်း
· အစာမကြေဘဲ ဗိုက်မအီမသာဖြစ်ခြင်း
· နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ မောလာခြင်း စတာတွေပဲ ဖြစ်ပါတယ်။
ကျန်းမာရေးပြဿနာအနေနဲ့ ကြည့်မယ်ဆိုရင်
· သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါများ
· အဝလွန်လာခြင်း
· စိတ်ဖိစီးမှုနဲ့ တခြားစိတ်ကျန်းမာရေးပြဿနာများ
· အရိုးနဲ့ ကြွက်သားသိပ်သည်းဆုများ နည်းလာခြင်း
· အရိုးပွရောဂါနဲ့ တခြားအရိုးနဲ့ သက်ဆိုင်တဲ့ ချို့ယွင်းမှုများ
· ခန္ဓာကိုယ်ရဲ့ လိင်ဟော်မုန်း ထုတ်လုပ်မှုနည်းသွားခြင်း
· Metabolism - ဇီဝကမ္မဖြစ်စဉ်များ နှေးကွေးလာခြင်းကြောင့် ကယ်လိုရီနဲ့ ကိုလက်စထရောများ ကိုယ်ထဲမှာ စုပြုံပြီး သွေးကြောပိတ်လာနိုင်ခြင်း
· ကိုယ်ခံအားစနစ် ထိခိုက်လာခြင်း
· ကျန်းမာရေးထိခိုက်ပြီး အိုမင်းရင့်ရော်လာခြင်း
· ဦးနှောက်မှတ်ဉာဏ်များ ကျဆင်းလာခြင်း
· စောစီးစွာ အသက်သေဆုံးနိုင်ခြင်း စတာတွေကို ကြုံရနိုင်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ မနက်ကနေ ညအထိ ရုံးတက်နေရလို့၊ တစ်နေကုန် ထိုင်နေရတယ်ဆိုရင် ဒီအချက်တွေကို လုပ်ကြည့်ပေးဖို့ အကြံပေးချင်ပါတယ်။
၁။ ရေကို များများသောက်ပေးပါ။
နာရီဝက်ခြားတစ်ခါစီ ရေပုံမှန်သောက်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။ ရေသောက်ပေးခြင်းက ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို မြန်စေပြီး ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို သက်သာစေသလို၊ လူမသိသေးတဲ့ အားသာချက်တစ်ခုက မကြာခဏ ဆီးသွားတာပါပဲ။ ဆီးသွားဖို့အတွက် အိမ်သာကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်သွားရခြင်းက ပိုက်ဆံပေးစရာမလို၊ အချိန်လည်းမကုန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါပဲ။
၂။ အလုပ်စားပွဲကနေ ခဏထပေးပါ။
အလုပ်စားပွဲမှာ တောက်လျှောက်ထိုင်ပြီး ကွန်ပျူတာကိုကြည့် အလုပ်ကြိုးစားတာက ပြဿနာမဟုတ်ပေမဲ့ ထထိုင်ဖို့၊ လှုပ်ရှားဖို့ မေ့သွားတဲ့အထိ ဖြစ်နေရင်တော့ ကျန်းမာရေးအတွက် ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဖုန်းမှာ alarm ပေးထားပြီး ၂ နာရီပြည့်တိုင်း တစ်ခါ ထိုင်ခုံကနေထပြီး လမ်းလျှောက်ပါ၊ အကြောလျှော့လေ့ကျင့်ခန်း၊ ဇက်ကြောလေ့ကျင့်ခန်းတွေ လုပ်ပေးပါ။
၃။ ဖုန်းပြောတဲ့အခါ အခန်းအပြင်ထွက်ပြောပါ။
အလုပ်ကိစ္စကြောင့်၊ ကိုယ်ရေးကိုယ်တာကိစ္စကြောင့်၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ပါစေ၊ အလုပ်ချိန်အတွင်း ဖုန်းဆက်စကားပြောရမယ်ဆိုရင် ရုံးခန်းထဲကနေ အပြင်ကို ထသွားပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ အသက်ကိုဖြည်းဖြည်းချင်းရှူပြီး စကားပြောပါ။ အခန်းထဲကို တစ်ခါတည်းတန်းမဝင်ဘဲ နေရောင်ခြည်လာတဲ့ဘက်၊ မိုးကောင်းကင်ဘက်ခြမ်း၊ စိမ်းစိုနေတဲ့ သစ်ပင်ပန်းမန်တွေ၊ တိုက်ခန်းအဆောက်အဦ ရှုခင်းတွေ၊ အဝေးတစ်နေရာက လှုပ်ရှားနေတဲ့ လူတွေဘက်ကို ခဏငေးကြည့်ပြီး မျက်လုံးကိုရော ကြွက်သားကိုပါ အနားပေးပါ။
၄။ အလုပ်ချိန်ပြင်ပမှာ လေ့ကျင့်ခန်းပိုလုပ်ပါ။
ရုံးချိန်အတွင်းမှာ တောက်လျှောက်မထိုင်ဘဲ လေ့ကျင့်ခန်းလုပ်တာ၊ လမ်းလျှောက်ပေးတာမျိုးက ကိုယ့်ကျန်းမာရေးအတွက် ကောင်းပေမယ့် ဒီထက်ကျန်းမာရေးပိုကောင်းဖို့နဲ့ အထိုင်များထားတဲ့ဒဏ်ကို ပြေလျော့စေဖို့ ရုံးချိန်ပြင်ပမှာ လေ့ကျင့်ခန်း၊ အားကစားတွေ ပိုလုပ်ပေးပါ။ အိမ်အလုပ်တွေကို များများကူလုပ်ပေးပါ။ ချွေးများများထွက်အောင် ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပေးခြင်းဟာ ကိုယ့်ကို အသက်ပိုရှည်အောင်၊ စိတ်နဲ့ ခန္ဓာကျန်းမာရေး ပိုကောင်းအောင်အပြင် အလုပ်ခွင်မှာ ပိုပြီး တီထွင်ဖန်တီးဉာဏ်တွေ ထွက်စေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။